Sunday, October 12, 2008

လက်တွေ့ဘ၀ အပိုင်းအစများ (၁)

စာမရေးဖြစ်တာတော်တော်ကြာပြီ။ အခွင့်အလမ်း ဂျာနယ် က ကိုယ့်ကိုမှတ်မိပါဦး မလား မသိ ။ ဘာပဲဖြစ်ဖြစ် ခုနတုန်းက online မှာ တွေ့တဲ့သူငယ်ချင်း တစ်ယောက်ကြောင့် စာပြန်ရေးမှ ဖြစ်တော့မယ်ဆိုတာ အလိုလို သဘောပေါက်လိုက်ပြီ ။ စင်္ကာပူမှာ အခု လက်ရှိအလုပ် အခြေအနေလေးတွေ သိချင်လို့ပါတဲ့ ။ ကိုယ် ဒီကို ရောက်ကတည်းက ကြုံရသမျှ အကောင်း အဆိုး ကိုယ်ကတော့ ( မျှဝေတတ်တဲ့ ကိုယ့်စိတ်နဲ့နှိုင်းပြီး ) ဒီကို လာဦးမဲ့ သူတွေရော လာဖို့ အစီအစဉ်မရှိတဲ့ သူတွေ အတွက်ရော သိဖို့ လိုအပ်မယ် ထင်လို့ ၊ ကိုယ့်လို ယောင်ဝါးဝါး နဲ့ ဆိုးဆိုးရွားရွား အတွေ့အကြုံ တွေ မတွေ့ ရအောင် ရည်ရွယ်ပြီး Life in Singapore ဆိုပြီး e.mail တွေ ပို့ခဲ့ပါရဲ့ ။ ဖတ်လား ၊ မဖတ်လားတော့ မသိပါဘူး ။ အခုထိ မေးနေတုံးပဲဆိုတော့လဲ … ( အဲ့ဒီ တုန်းက e.mail ပို့ခဲ့သလိုပဲ ၊ဘာမှ မပြောင်းလဲသေးဘူး ။ အလုပ်ရှာရတာ လွယ်တယ်လဲ မဟုတ်ဘူး ၊ ခက်တယ်လဲ မဆိုလိုဘူးလို့ ) ပြောတော့ ‘အင်းပါ ။ နင့်အချိန်တွေကို မယူတော့ပါဘူး’ တဲ့ ။ ကြုံရသမျှ chatting ကနေ တဆင့် ရှင်းပြ နေရရင် တစ်ထောင့်တစ်ည ပုံပြင် ဖြစ်သွားနိုင်ပါတယ် ။ အဲ့ဒီတော့ ထပ်လာကြဦးမဲ့ မိတ်ဆွေ များအတွက် ဘာလုပ်ပေးရမလဲ ။ တစ်ခုပဲရှိပါတော့တယ်.. စာပြန် ရေးရပါတော့မယ်။

၃လ ပိုင်းမှာ စင်္ကာပူထွက်မယ်လို့ရည်ရွယ်ထားတော့ ကျွန်မ တို့လို Administration ( နောက်တစ်မျိုး ပြောရရင် Clerical Work) သမားတွေ အတွက် လိုအပ်မယ် ထင်တဲ့ Accounting စာမေးပွဲ တစ်ခု လဲ ပိုပိုလိုလို ဖြေခဲ့ပြီး အောင်ခဲ့သော်ငြား တကယ် သွားတဲ့အချိန်မှာ certificate က လက်ထဲမှာ မရှိခဲ့ပါ။ Module ၁၆ ခုတင်ရပြီး (NGO ၀န်ထမ်းတွေအတွက် တကယ့်ကို Effective ဖြစ်ပါတယ် ဆိုတဲ့ Community Management Certificate ) ဆိုတာလဲ Module Submission ကိုအပြည့် တင်ခဲ့သော်ငြား မပါခဲ့ပါ ။ ဒါတွေ အရေးပါလား ၊ မပါဘူးလား ဆိုတော့ နောက်အပိုင်းတွေမှာ ဆက်ပါဦးမယ် ။ အခုတော့ အရင်ဆုံး အလုပ်ရှာရတဲ့ သောက အမောလေးတွေကို ပြောပြပါရစေ ။ တစ်ခုတော့ ရှိတယ် ။ ကျွန်မက ကျွန်မ အလုပ်ရှာတဲ့ Field နဲ့ ကျွန်မ ရဲ့ individual experience ပေါ်မှာ အခြေခံပြီး ပြောပြရတာ ဆိုတော့ ကျွန်မ ရင်ဆိုင်ရသလိုမျိုးလဲ လူတိုင်း ရင်ဆိုင် ရတာမျိုး ဖြစ်ချင်မှဖြစ်မှာပါ ။ Technicians မဟုတ်တဲ့ ကျွန်မ တို့လို ဟိုမရောက် ဒီမရောက် တွေ အလုပ်ရှာရတဲ့ အခက်အခဲလေးတွေကိုပဲ ကျွန်မ ဆိုလိုတာပါ။

ရောက်ရောက်ချင်း သူငယ်ချင်းက ရထားစီးနည်းနဲ့ အလုပ်ရှာနည်းလေး လမ်းညွှန်ပေးပါတယ် ။ ပြီးတော့ သူ့တာဝန်ကျေပါပြီ ။ Self-reliance နဲ့ ကိုယ့်အားကိုယ့်ကိုးပြီး ကိုယ့်လမ်းကိုယ်ဖောက်ရမဲ့ ခရီးစဉ်ကြီးကတော့ နောက်တစ်ရက်ပဲ ငေးငိုင်နေဖို့ ၊ ထိုင်စဉ်းစားဖို့ အချိန်မရပဲ စတင်ရပါတယ်။ ခရီးပန်းလာလို့ တစ်ရက်လောက် နားလို့မရပါဘူး ။ အချိန်ကုန်မြန်တဲ့ စင်္ကာပူမှာ တစ်ရက်နားရင် stay အတွက် တသက်စာ နောင်တရ စရာ တွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ် ။ နောက်တစ်ခုက ကြောက်စိတ် တွေဖျောက်ဖို့ပါပဲ ။ အိမ်မှာတုန်း က ကလေးလို နေချင်နေခဲ့ရမယ် ။ ကလေးတစ်ယောက် လိုလဲ အစစ အရာရာ လိုက်လံ စောင့်ရှောက် ခံရတာမျိုး ရှိခဲ့ဖူးမယ် ။ အကုန်မေ့ပစ်ခဲ့ပါ ။ နိုင်ငံခြားမှာ အလုပ်လာလုပ်တာပါ ။ အဲ့ဒီ စိတ်တွေရှိနေသေးရင် အစကတည်းက မလာပါနဲ့ ။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်ပြီး စိမ်းကားလိုက်တာ ၊ တစ်ရက် ကလေးတောင် မှ အဖော် မလုပ်ပေးနိုင်ဘူးလို့ ထင်မယ် ဆိုရင် မြန်မာပြည်မှာပဲ နေပြီး စိတ်ဓါတ် ရင့်ကျက်အောင် အရင် ကြိုးစားပါဦးလို့ပဲ ပြောချင်ပါတယ် ။

ညဘက်မှာ Internet ကနေ အလုပ်ရှာတာတွေ ၊ လျှောက်တာတွေကို မျက်လုံးပျက်မတတ် ကွန်ပြူတာကို ကြည့်ပြီး Resume ပြင်တာတွေ ၊ cover letter ပြောင်းတာတွေ လုပ်ရပါတယ် ။ First Impres sion ဖြစ်တဲ့ Cover Letter ဟာ Grammar မမှားဖို့ ၊ Sentences တွေက ဆိုလိုရင်း အဓိပ္ပါယ်ကို ထိထိမိမိ ဖြစ်ဖို့ အရမ်း အရေးကြီးပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Cover Letter ကနေ တဆင့် Attachment file ဖြစ်တဲ့ Resume ကိုဖွင့် ကြည့်ချင် စိတ်ရှိ အောင်လို့ပါ ။ Resume ကိုသေချာ ဖတ်လိုက်တော့ မှ ကိုယ့်ရဲ့ Experience နဲ့ Qualifications ကိုတွေ့ ရမှာဖြစ်ပါတယ် ။ အတွေ့ အကြုံ က အရေးကြီးတယ် လို့ပြောလိုက်မိလို့ Resume မှာ လုပ်ငန်းအတွေ့အကြုံကို ‘ကျွန်တော် ကတော့ ကြံဖန်ရေးလိုက်တာပဲ’ ဆိုတဲ့ လူငယ်လေးတစ်ယောက် နဲ့ ဆုံခဲ့ရတာတွေ ၊ သူနဲ့ စကားပြောခဲ့ရတာတွေ၊ ကိုယ့်ရဲ့ တကယ့် အတွေ့အကြုံ က ကိုယ့်ကို ဘယ်လို အထောက် အကူ ဖြစ်စေ မှာလဲဆိုတာတွေကို ဆက်တော့ ပြောဦးမှာပါ ။ အခု အပိုင်း ( ၁ ) မှာတော့ မဟုတ်ပါဘူး ။

အဲ့ဒီတော့ နောက်တစ်ရက်မှာ အလုပ် စရှာရှာခြင်း ဖုန်းထဲ က လေသံလေးတွေကို တင်ပြပါဦးမယ် ။ သတင်းစာမှာ Clerical Works နဲ့ ဆိုင်တဲ့ Column ကို ကြည့်ပြီး အလုပ်ကို ဖုန်းဆက်လိုက်တာ နဲ့ “Local or Foreigner” ကို အရင်ဆုံး မေးခံရပြီး ‘Sorry’ ပေါင်းများစွာကို ကြားလိုက်ရပါတယ် ။ တချို့ က ကိုယ့် လေယူ လေသိမ်း ကို နားထောင်တာနဲ့ local မဟုတ်မှန်း သိပြီး ချက်ချင်းပဲ ‘Sorry’ လေးတောင် မကြားရပဲ ဖုန်းချသွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ တကယ်လို့များ “Sorry , we don’t employ foreigners now ; we will let you know when we need it. Thanks for your enquiry ” ဆိုတဲ့ တုန့်ပြန်မှုလေး များရလိုက်တယ် ဆိုရင် အဲ့ဒီနေ့ ထီထိုးချင်ထိုး ၊ ဒါမှ မဟုတ် လမ်းပေါ်မှာ အော်ချင်သလိုအော်ပြီး ပျော်ချင် သလို ပျော်လိုက်ပါ ။ Stay ကို ကန့်သတ်ထားတာက လွဲရင် လွတ်လပ်တဲ့မြေပေါ်မှာ လွတ်လပ်စွာ ကခုန် ခွင့်လေးတော့ ရှိနေကောင်းပါရဲ့ ။ နောက်တစ်ခု က မနက် ကတည်းက မနက်စာ ကော်ဖီတစ်ခွက် သောက် ပြီး တနေကုန် ပြေးထားရတာ စိတ်ရဲ့ ထွက်ပေါက်တစ်ခုတော့ ရှိသင့်ပါတယ်လေ ။ ပြီးတော့ စိန်ခေါ်မှုတွေ အများကြီး ကြိုဆိုနေတဲ့ အသစ် အသစ်တွေနဲ့ မနက်ဖြန်တွေကိုလဲ ကြိုးစား ခရီးဆက်ရဦးမယ် ဆိုတော့…………….

by . . .December Cinderella

6 comments:

Anonymous said...

Stressful condition of life ပါပဲ။ကိုယ်ချင်းစာ လေ့လာသွားကြောင်း။

Anonymous said...

စင်္ကာပူနဲ့ပတ်သက်ပြီးတော့
ရေးထားတာလေးတွေ ဖတ်ရတယ်
ဝေငှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဗဟုသုတလည်းရပါတယ်
ခင်မင်လျှင်
မသက်ဇင်

Anonymous said...

ကိုယ်တိုင်ရင်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ဖြစ်ကြောင်း ခံစားမိပါတယ်ဗျာ ..
အခုလို မျှဝေပေးတဲ့ အတွက် လေးစားမိပါတယ် ..
သူငယ်ချင်းတစ်ယောက်က အဲ့ဒီကို သွားမလို့ပြင်နေတာနဲ့ အတော်ပဲ သူ့ကို ဒီလင့်ခ်လေး ပေးလိုက်ဦးမယ် .. ကျေးဇူးကမ္ဘာနော် :)

Anonymous said...

ဟုတ်ကဲ့ ၊၊ လက်တွေ့ဘ၀ အပိုင်းအစတွေကို လာဖတ်ရှူပါတယ် ခင်ဗျ၊၊

Anonymous said...

ကြိုတင်လေ့လာထားဖို့  လိုအပ်ချက်လေးတွေ အခုလို ဝေမျှပေးတာ ကောင်းသဗျာ။ ဒီလင့်လေးကို သူငယ်ချင်းတွေဆီ ပို့ လိုက်ဦးမယ်ဗျ။

Anonymous said...

လက်တွေ့ဘ၀အခက်အခဲတွေကို ရင်ဆိုင်ရင်း
- အချိန်ဆိုတာ တန်ဘိုးရှိတဲ့အရာ..။
- အသေးအဖွဲလေးတွေကို ဥပက္ခာပြုခဲ့ရင်
အန္တရာယ်အကြီးဆုံးအရာ..။
- ကြောက်စိတ်စိုးရိမ်စိတ်တွေဆိုတာ
အနှောက်အယှက်ပေးမဲ့အရာ..။
- အားငယ်တတ်ခြင်းဟာ ရှုံးနိုမ့်စေမဲ့အရာ...
ဆိုတာတွေ ကိုသိလာရပြီဆိုရင်ပဲ
လူ့ဘ၀မှာ ထိပ်ဆုံးမရောက်ရင်တောင်မှ
လူဖြစ်ရကြိုးနပ်ပြီလို့တော့ ထင်တာပဲ..
ခင်ဗျားရဲ့ကြိုးစားမှုကို လေးစားဂုဏ်ပြုပါတယ်..
ခင်ဗျားရဲ့လမ်းညွှန်ကူညီမှုကို အသိအမှတ်ပြုပါတယ်..
စင်ကာပူမှာ လမ်းလျှောက်ကြမဲ့သူငယ်ချင်းများကို တဆင့် လမ်းညွှန်လိုက်ပါဦးမယ်..ကျေးဇူးပါ...။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */