မိတ်ဆွေတို့ရေ....စမ်းသပ်ချက် တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထား လိုက်တယ်။
ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထား ပေးသတဲ့ကွယ်။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကိုတက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြနှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့ သတဲ့ကွယ်။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။ (ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုးထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကိုတွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာဝါသနာပါပုံရတယ်ကွဲ့။)
အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။ စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
********************************************************************
မိတ်ဆွေတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်း ပေါ့ကွယ်။ သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။
ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
မိတ်ဆွေတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။
တဆက်တည်း မေးလိုက်ချင်သေးတာကလဲ ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပြီးပြီလဲဟင် ..??
ဝန်ခံချက်။......... ။ သူငယ်ချင်းတစ်ယောက် mail ကနေပို့ ပေးလို့ တင်လိုက်တာပါ ။ တစုံတစ်ဦးရဲ့ မူပိုင်ဆိုရင်...ခွင့်လွှတ်ပါ.။
Wednesday, October 22, 2008
ကိုယ်ရော ..တစ်ယောက်အပါအ၀င်လား ..???
Subscribe to:
Post Comments (Atom)
1 comment:
တွေးသွားတဲ့ ပုံစံလေး အရမ်းကောင်းတယ်
မျှဝေပေးတဲ့ အတွက် ကျေးဇူးပါဗျာ
Post a Comment