တခါတုံးက ညီအကိုနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ လယ်ကွင်းတွေက ဘေးချင်းကပ်ရက် ဖြစ်သလို အလုပ်လုပ်တဲ့ နေရာမှာလဲ သူ့ပစ္စည်း ကိုယ့်ပစ္စည်း၊ သူ့အလုပ်သမား ကိုယ့်အလုပ်သမား မခွဲခြားပဲ အတူတကွ လယ်လုပ်လာကြတာ နှစ်ပေါင်း ၄၀ လောက်ရှိသွားပြီ။ တနေ့ကျတော့ ညီအကိုအချင်းချင်း နားလည်မှုတွေလွဲပြီး ကတောက်ကဆဖြစ်ရာကနေ နောက်ဆုံး မချေမငံစကားတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင်၊ မပြောနိုင် အခြေအနေထိအောင် ဖြစ်သွားကြတယ်။ အချိန်တွေလဲ တော်တော်ကြာသွားတယ်ပေါ့။
တနေ့ကျတော့ လက်သမားတစ်ယောက်က အကိုကြီးရဲ့ အိမ်ကို တံခါးလာခေါက်ပြီး သူ့အတွက် အလုပ်လေးဘာလေးရှိ၊ မရှိမေးတယ်။ အဲ့တော့ အကိုကြီးက ….
“ အေး ရှိတယ်။ ဟိုမှာတွေ့လား၊ ဟိုဘက်က လယ်ကွင်းနားမှာ မြစ်ချောင်းလေး။ အဲ့ဒါ ငါ့အိမ်နီးချင်း၊ အမှန်တော့ ငါ့ညီပါ။ လွန်ခဲ့တဲ့ တစ်ပတ်က အဲ့ဒီမှာရှိတဲ့ မြက်ခင်းပြင်ကို သူက မြစ်ကမ်းစပ်ထိရောက်အောင် bulldozer နဲ့ ထိုးချလိုက်တော့ ငါတို့ကြားမှာ အဲ့ဒီချောင်းဖြစ်သွားတယ်။ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် သူ တမင်တကာလုပ်တာ ငါသိတယ်။ ငါက သူ့ထက်ပိုပြီးတောင် လုပ်နိုင်သေးတယ်။ အဲ့ဒီတော့ ဟိုးမှာ ပုံထားတဲ့ သစ်သားတွေနဲ့ မင်းက ၈ပေလောက်မြင့်တဲ့ ခြံစည်းရိုးခပ်ပေးကွာ။ ဒါဆို ငါ သူ့မျက်နှာလဲ မမြင်ရတော့ဘူး။ သူ့နေရာလဲ မတွေ့နိုင်တော့ဘူး၊ အေးရော” လို့ ပြောလိုက်တယ်။
လက်သမားက “ ကောင်းပါပြီ။ ငါသဘောပေါက်ပြီ။ မင်းစိတ်တိုင်းကျဖြစ်စေရမယ်” လို့ ပြောပြီး လုပ်ငန်းစတယ်။ အကိုကြီးလဲ သူဝယ်စရာရှိတာဝယ်ဖို့ မြို့ပေါ်ခဏသွားလိုက်တယ်။
ညနေ နေ၀င်ဖျိုးဖျအချိန်လောက် အကိုကြီးလဲ ပြန်လာရော လက်သမားလဲ အလုပ်ပြီးသွားပြီ။ ဒါပေမဲ့ လယ်သမားလုပ်ထားတာကိုလဲ မြင်ရော အကိုကြီးက မျက်လုံးအပြူးသားနဲ့ ကြောင်ပြီးကြည့်နေတယ် ..သူ့မျက်စိရှေ့က (ချောင်း ဟိုဘက်ဒီဘက်ကို ဆက်ထားတဲ့) တံတားလေးကို။ သစ်သားလက်ရန်းတွေဘာတွေနဲ့ အခိုင်အမာဆောက်ထားတဲ့ လှပတဲ့ တံတားလေးတစ်ခု။ အဲ့ဒီအချိန်မှာ ညီငယ်က လက်သမားနဲ့ အကိုကြီးနဲ့ ရပ်နေတဲ့ နေရာကို ရောက်လာပြီး အကိုကြီးရဲ့လက်ကိုကိုင်ပြီး တောင်းပန်တယ်။
“ အကို၊ အကိုဟာ တကယ့်ကို စံထားစရာအကိုကြီးတစ်ယောက်ပါပဲ။ ကျနော် ဒီလောက်ပြောဆိုပြီး ဒါမျိုးတွေလုပ်ထားတာတောင် ဒီတံတားကို အကိုဆောက်ပေးနိုင်ခဲ့တယ်နော်” လို့ လှိုက်လှိုက်လှဲလှဲပြောတယ်။
ပြီးတော့ ညီအကိုနှစ်ယောက် တံတားရဲ့ အလယ်မှာ မတ်တပ်ရပ်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လို့ ….
အဲ့ဒီအချိန်မှာ သူ့ပစ္စည်းတွေ သိမ်းပြီး ပြန်ဖို့ပြင်နေတဲ့ လက်သမားကို အကိုကြီးက “ခဏနေပါဦး၊ မင်းအတွက် တခြားအလုပ်တွေအပ်ဖို့ ရှိနေသေးတယ်” လို့ပြောတော့ လက်သမားက “ငါ နေချင်ပါတယ်။ ဒါပေမဲ့ ငါ တံတားတွေ အများကြီးဆောက်ဖို့ ကျန်နေသေးတယ်” လို့ပြောပြီး ခရီးဆက်ထွက်သွားပါတယ်။
by ..DecemberCinderella
Monday, November 24, 2008
ဘ၀မှာ ..ဘာတွေတည်ဆောက်ကြမလဲ ..
Subscribe to:
Post Comments (Atom)
3 comments:
ကျွန်တော်ပြောကြည့်မယ်နော် သူငယ်ချင်း၊
Blogger ရပ်ဝှမ်းလွင်ပြင်ကျယ်ကြီးထဲမှာ Blog လေးတွေဟာ သူငယ်ချင်းတို့လို ကျွန်တော်တို့လို Blogger စာပေ၀ါသနာရှင်၊ အနုပညာရှင်၊ ရင်ဘတ်တူသူ မိတ်ဆွေတွေအတွက် ရည်ရွယ်ပြီး ထိုးပေးထားတဲ့ ပေါင်းကူးတံတားလေးများ ဖြစ်နေလားလို့ ...။
ခင်မင်လေးစားမှုများနဲ့နော်
ဒီ post လေး က ကိုဒူကဘာ နဲ့ ကိုနွေဆူးလင်္ကာ တို့ အတွက် ရေးထားသလိုပဲနော်... အားလုံးပဲ နားလည်မှုလေးတွေ ယူကြပါ... ကျွန်တော် ဒီ post လေးကို မဖတ်ခင် ပြဿနာလို့ ထင်နေမိတဲ့ cbox နှစ်ခု ကို သွားဖတ်မိတယ်.. နောက်ပြီး ဒီကို ပြန်ရောက်လာတယ်.. ပြီးတော့ ဒါလေးကို ဖတ်မိတယ်.. ဒီ post ထဲက အတိုင်းလေးဖြစ်ရင် ကောင်းမှာပဲလို့ ကျွန်တော် ထင်မိလို့ ဒီ comment လေးရေးမိတာပါ.. ကျွန်တော် အဲဒီလို ဘလော့ဂ် တွေတိုင်းမှာ မရေးဘူးပါဘူး.. ညီအစ်ကို နှစ်ယောက်ရဲ့ ပြဿနာလေးကို လယ်သမား ဖြစ်တဲ့ ဒီဘလော့ဂ် ပိုင်ရှင်လေး က ရှင်းပေးနေသလိုပါပဲ... ကောင်းပါတယ်ဗျာ... အားပေးနေမယ်.. ဆက်ရေးပါ...
သွေးရင်း ညီအစ်ကိုမို့ မပြတ်နိုင်တဲ့ သံယောဇဉ်ပေါ့နော်။ မေတ္တာတံတားကို ဆောက်ပေးတဲ့ အဘိုးအိုကတော့ ဇာတ်လိုက် ဖြစ်မယ်ထင်ပါတယ်။
ပို့စ်ကောင်းလေးကို လာဖတ်ပါတယ်၊
လေးစားလျက်ပါ။
http://winzaw-mdy.blogspot.com
Post a Comment