Tuesday, November 11, 2008

ဘာကို ..အာရုံစိုက်ကြမလဲ ?

တစ်နေ့မှာ (Tiny Frogs) ဖားသေးသေးလေးတွေ စုပြီး တိုင်ထိပ်တစ်ခုရဲ့ အမြင့်ဆုံးထိ ရောက်အောင် ဘယ်သူ တက်နိုင်မလဲ ဆိုတာ ယှဉ်ပြိုင်မဲ့ပွဲလေး လုပ်တယ်။ သူတို့ အဲ့ဒီလို ပြိုင်ပွဲလုပ်မယ်ဆိုကတည်း စုရုံးစုရုံး ရောက်ရှိလာတဲ့ ပရိတ်သတ်ကြီးက 'ရူးနေပြီလား ၊ ဒီလောက်ခက်တဲ့ ကိစ္စကြီးကို ၊ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး' စသဖြင့် ဝေဖန်ပြောဆို နေကြပါတယ်။ ပြိုင်ပွဲစပြီး တက်တဲ့သူတွေ တက်နေတဲ့ အချိန်မှာလဲ ဆက်လက်ပြောဆိုနေတုန်းပါပဲ။ အဲ့ဒီ အချိန်မှာ တစ်ဝက် လောက်ရောက်တဲ့သူလဲ ရောက်နေကြပြီ ဖြစ်သလို အားလျှော့တဲ့ သူလဲ လျှော့ကုန်ကြပြီ။ နောက်ဆုံးမှာ တစ်ကောင်တည်းသာ ကျန်ခဲ့ပြီး အဲ့ဒီ တစ်ကောင် တည်းသော ဖားသေးသေးလေးကပဲ အမြင့်ဆုံး တိုင်ထိပ်ကိုရောက်ရှိသွားပါတယ်။ ပရိတ်သတ်ကြီး အံသြပြီး ဒီလောက် အမျိုးတူဖားတွေအကုန်လက်လျှော့ပြီးမရောက်နိုင်ကြတာတောင် သူကတော့ ဘယ်လိုခွန်အားနဲ့ ရောက်အောင်တက်နိုင်ခဲ့တာလဲလို့ ဝိုင်းမေးကြတဲ့အခါ ဖားလေးက ဘာပြန်ဖြေသလဲဆိုတော့ ..

သူမဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက နားမကြားတဲ့ဖားလေးတစ်ကောင်ဖြစ်နေလို့ပါပဲ။

အဲ့ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ လူ့ဘဝမှာ တစ်ခါတစ်ခါ (ကြမ်းတမ်းပါတယ်ဆိုတဲ့ လမ်းတွေကိုဖြတ်ပြီး အခက်ဆုံး အလုပ်တွေကို ကြိုးစားလုပ်ကိုင် နေတဲ့အချိန်မှာ) ပတ်ဝန်းကျင်က စကားတွေဟာ ကိုယ့်ရဲ့ Actions တွေပေါ်မှာ သိသိသာသာထိခိုက်မှု ရှိလာပါတယ်။ များသောအားဖြင့် Positive မဖြစ်တဲ့အတွေးအခေါ်တွေ၊ Pessimistic ဖြစ်နေတဲ့ စကားသံတွေဟာ ကိုယ့်ရဲ့အရှိန်အဟုန်တွေကို နှေးကွေးသွားစေနိုင်ရုံမကပဲ ခရီး တစ်ဝက် ရောက်နေတာတောင် လက်မြှောက်အရှုံးပေးလိုက်ကြတဲ့ ဖားကလေးတွေလို ဖြစ်သွားစေ ပါတယ်။ တကယ်တော့ You will never really lose until you stop ဆိုတဲ့အတိုင်း ကိုယ့်ကြိုးစားမှုတွေ မရပ်သေး သရွေ့ ကိုယ်တကယ် မရှုံးသေးပါဘူး။

နောက်တစ်ခုက အကြားအာရုံချို့တဲ့နေတဲ့ ဖားကလေးက ဘာကြောင့်နိုင်ခဲ့တာလဲ။ အဓိကကတော့ အဆိုးမြင် ပတ်ဝန်းကျင်က ဝေဖန်သံတွေကိုမကြားနိုင်တော့ သူ့အတွက် အနှောက်အယှက် ဖြစ်စေနိုင်တဲ့ စကားသံတွေဟာ သူ့ကို ဘာသက်ရောက်မှုမှမရှိစေခဲ့ဘူး။

ဒါကြောင့် ပုံပြင်ရဲ့အဆုံးမှာရေးထားတဲ့ ဒဿနတစ်ခုက ကိုယ်ကြိုးစားနေတဲ့ အချိန်မှာ ဘာတွေပဲကြုံခဲ့ကြုံခဲ့ 'မကြားသလိုနေလိုက်ပါ (Be Deaf) တဲ့'။ ကျွန်မက အဲ့ဒီထက်ပိုပြီး ဖြည့်စွက်ပြောရရင် 'မမြင်ဘူးလို့လဲ သဘောထားပါ (Be Blind) လို့'။ လောကကြီးကို (Half Glass Full) အနေနဲ့ မမြင်တတ်ကြပဲ (Half Glass Empty) အနေနဲ့မြင်တတ်တဲ့သူတွေရှိလို့ (ဖားကလေးတွေကို ဒီလောက်ခရီးကြမ်းများ သူတို့မို့ အပင်ပန်းခံပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်လို့) တိုက်ခိုက်ကြတဲ့အသံတွေကြောင့် အရှုံးပေး သူတွေ အရှုံးပေးသွားကြတယ်။ တစ်ကောင်တည်း ကျန်နေခဲ့တဲ့ဖားကလေးတောင်မှ ဘာကိုမှမကြားနိုင်ခဲ့လို့သာပါ။ ပတ်ဝန်းကျင်ရဲ့ Effect တွေဟာ တစ်ခါတစ်ခါ မျှော်လင့်ထားပြီးသားအခြေအနေထက် ပိုကြောက်စရာကောင်းတဲ့အပြင် ရှေ့ဆက်ရမဲ့လမ်းတွေကိုပါ ယိမ်းယိုင်သွားစေပါတယ်။

အခုအချိန်မှာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်မတို့ ကြီးပြင်း လာခဲ့တဲ့မြေမှာ ဖားကလေးတွေကို ဝေဖန်တိုက်ခိုက်ကြတဲ့သူတွေလို လူမျိုးတွေရှိလာတဲ့အခါ …(ရေမြေခြားက သူစိမ်းတို့ရဲ့ အလယ်မှာ ရုပ်ပိုင်း ဆိုင်ရာတွေ တိုးတက်သလောက် စိတ်ပိုင်းဆိုင်ရာကို ဟိုး အနိမ့်ဆုံးထိ ကျမသွားအောင် ကြိုးစား ရုန်းကန်နေရတဲ့) ကျွန်မတို့တွေ ………. ဘာကို အာရုံစိုက်ကြမလဲ …

ဘာတွေပဲ ကြုံလာ ကြုံလာ ကိုယ့် အနေအထားတွေ ကိုတော့ နည်းနည်းမှအထိခိုက်မခံပဲ ပုံပြင်ထဲက ဖားကလေးလို ပန်းတိုင်ကိုပဲ ဦးတည်ချက် ထားကြရအောင် ...

by ...DecemberCinderella

4 comments:

Anonymous said...

ကောင်းလွန်းလှတဲ့ပို့စ်လေးပါခင်ဗျာ
စိတ်ဓါတ်ကိုမြင့်တင်ပေးတဲ့ပို့စ်ကောင်းလေးတစ်ပုဒ်
ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်
မျှဝေပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျနော်လည်းနားပိတ်ထားတော့မယ်

Anonymous said...

မိမိပါတ်ဝန်းကျင်ရှိ အမှန်တကယ် ကြုံတွေ့နေရတဲ့ဘဝအနေအထားမှာ ထားရှိရမည့် ဦးတည်ချက်နဲ့ ယုံကြည်ချက်ကို သဘောပေါက်သွားပါတယ်။

Anonymous said...

အသံကြောင့်*

Anonymous said...

ဟာ သိပ်ကောင်းလွန်းးလှတဲ့ ပိုစ့်ကလေးပါကလားဗျာ
သိပ်တော်တယ် သူငယ်ချင်း
အားကျတယ်၊ ဒီလို လေးနက်တဲ့ အတွေးအခေါ်တွေ၊ အသိဥာဏ်တွေ ရှိနေတာကို လေးစားနေမိပါရဲ့။ မှတ်သားထိုက်တာတွေကို မှတ်သားပြီး ဖယ်ရှားသင့်တာတွေကို ဖယ်ရှားပြီး ထိပ်ဆုံးကို တက်တော့မယ့် ဖားကလေး ဖြစ်သွားပါပြီ။ ကျေးဇူးတင်ပါတယ် သူငယ်ချင်း။

အော် ... အဲဇာတ်လမ်းလေးထဲက ဖားလေးအဖြစ်ကို တွေးမိပြီး ဖားသေဆိုတဲ့စကားပုံလေးကို သတိရပြုံးမိသေးတယ်။
ပျော်ရွှင်ပါစေ။

ခင်မင်လေးစားစွာဖြင့်

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */