ဆယ်တန်းလောက်အရွယ်တုံးက
အသက်(၂၅)နှစ်လောက်ရှိသူတွေကို
အပျိုကြီးလို့ ထင်ခဲ့တယ် …
ကိုယ်တိုင် (၂၅)နှစ် ရောက်လာတော့
ပေါက်တတ်ကရ အတွေးတွေအတွက်
အဲ့ဒီကလေးမကို စိတ်ဆိုးတယ် …
အသက်(၃၀)ပြည့်တဲ့ ၂၀၀၇ မှာ
ငါ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုပြီး
ခရီးရှည်တစ်ခု စတင်တော့
ခြင်္သေ့ကျွန်းကို ရောက်ခဲ့တယ် …
ရုန်းကန်လှုပ်ရှား ကြိုးစားရင်းနဲ့
ကုန်ဆုံးသွားတဲ့ သက္ကရာဇ်
မှတ်တိုင် ၂၀၀၈ကို ကျော်ဖြတ်ပြီးရင်
ခရီးစဉ် “၃၂” အတွက် ငါ့ကို
အလိုလို ခေါ်ဆောင်သွားကြလိမ့်ဦးမယ် ….
By ..DecemberCinderella
အရပ်ကပုပု၊ လူကပိန်ပိန်သေးသေး ကျွန်မကို သူငယ်ချင်းတစ်ယောက်က “ နင်က ရှိရင်းစွဲအသက်ထက်တော့ ငယ်တယ်လို့ ထင်ရပါတယ် .... ဒါပေမဲ့ “ နောက်ကကြည့်ရင် ကြိုဆိုပါ၏ .. ရှေ့ကကြည့်ရင် နှုတ်ခွန်းဆက်ပါ၏” လို့ နောက်ဖူးတယ် .. ဘယ်တော့မှစိတ်မဆိုးတတ်တဲ့ ကျွန်မက သူ့စကားကို သဘောကျပြီး ဟက်ဟက်ပက်ပက် ရယ်ခဲ့ဖူးတယ်။ ( အခုအချိန်ထိ အဲ့ဒီစကားကိုပြန်ကြားတိုင်း ကျွန်မ တစ်ယောက်တည်း ပြုံးမိတုံး ..) ။
ကျွန်မ အဲ့လို ပြုံးနေနိုင်အာင် ပြောခဲ့တဲ့ သူ့ကို မှတ်မှတ်ရရ ကျေးဇူးတင်တယ် ..
တခါ Mr.Guitar မှာ ကော်ဖီသွားသောက်ကြတော့ ဆိုင်ရှေ့က Caricature ဆွဲနေတဲ့သူဆီမှာ Caricature အဆွဲခံရင်ကောင်းမလားလို့ ရပ်ကြည့်နေတုံး သူကပဲ “ နင့် နဂိုရုပ်ကိုက Caricature ရုပ်ပါဟာ ..အလကား ပိုက်ဆံအကုန်မခံပါနဲ့” တဲ့ .... သူပြောခါမှ Caricature ဆွဲနေတဲ့ တစ်ယောက်က ကိုယ့်ရုပ်ကို ပြူးပြဲကြည့်တာနဲ့ .. အမြန်ထွက်လာခဲ့ရတယ်။ အခုအချိန်ထိ အဲ့ဒါတွေပြန်တွေးမိရင် ရယ်ချင်တုံး။
ကိုယ့်ဘေးနားမှာ ကိုယ့်ကို အဲ့လိုနှိပ်ကွပ်တတ်တဲ့ သူငယ်ချင်းတွေများများရှိလေလေ ...... ကျွန်မအတွက်လဲ စာရေးဖို့ ကုန်ကြမ်းတွေ များများရလေပဲပေါ့ ..
အခုအချိန်ထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀မှာ သူငယ်ချင်းများရဲ့အားပေးမှုတွေကြောင့် အများကြီး စိတ်ဓါတ်ခွန်အားရခဲ့ပါတယ် ... အဲ့ဒီအတွက် မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ် ..
နောက်တခါ သူပြောခဲ့သလို … ကျွန်မ ဘ၀ထဲက နှုတ်ခွန်းဆက်သွားတဲ့ ပတ်သက်ခဲ့ဖူးသူတွေကိုလဲ ..မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ်။ ( သူတို့ကြောင့် ပိုရင့်ကျက်လာသလို နာကျင်စရာတွေကို ဖြေသိမ့်တတ်သွားလို့ပါ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုတာပါလို့ သိသွားလို့ပါ ..)
ပြီးတော့ နှုတ်ခွန်းမဆက်သေးတဲ့ ချစ်သူကောင်လေးတစ်ယောက်ကိုလဲ (သူ့ဝဋ်ကြွေးလဲဖြစ်ချင်ဖြစ်မှာပေါ့ …ကျွန်မလို ခပ်ဆိုးဆိုးချစ်သူ တစ်ယောက်ကိုရတာ ..) မှတ်မှတ်ရရကျေးဇူးတင်ပါတယ် … “Family First” ဆိုတဲ့ Motto ကို လက်ကိုင်ထားတဲ့ ကျွန်မအတွက် ကျွန်မချစ်တဲ့ မိသားစုကို ကျွန်မနဲ့ ထပ်တူထပ်မျှချစ်ရမယ်လို့ မတောင်းဆိုပါဘူး။ မိသားစုကိုချစ်တတ်လွန်းတဲ့ ကျွန်မကိုသာ တတ်နိုင် သလောက် နားလည်ပေးပါလို့ ..
နောက်ဆုံးမှ ပြောရပေမဲ့ ..... အရာရာရဲ့ရှေ့ဆုံးက အမြဲအလေးအနက်ထားရသူ ကျွန်မရဲ့ မိဘနှစ်ပါးကို အဝေးတနေရာမှနေပြီး ရှိခိုး ကန်တော့လိုက်ပါတယ် .....
( အဖေနဲ့ အမေ ..သမီး မလိမ္မာပေမဲ့ မမိုက်ဘူးဆိုတာ ယုံပါနော် ..)
ကျွန်မဘ၀ကို အခုလိုအနေအထားတစ်ခုရောက်လာအောင်၊ ပိုကြိုးစားချင်အောင် ( ကျွန်မကို အမြဲယုံကြည်ပေးခဲ့သော) ကျွန်မရဲ့ အန်တီ ( အန်တီ .. "We Can Do It" ဆိုတဲ့ စကားကို Barack Obama ထက် အရင်ဆုံးသုံးခဲ့တာ အန်တီပါ။ ကျွန်မ ဘ၀မှာ အတွေ့အကြုံတွေကို သင်ယူခွင့်ပေးခဲ့တာတွေအတွက် အမြဲ အမှတ်တရ ကျေးဇူးတင်လျက်ပါ .. When you lose, don't lose the lesson ဆိုတဲ့ စကားလေးကို အန်တီက အမြဲအမှတ်ရစေခဲ့တယ်။)
အငယ်ဖြစ်ပေမဲ့ ကျွန်မထက် ရင့်ကျက်ပြီး ကျွန်မအတွက် အမြဲ ဂုဏ်ယူကျေနပ်နေတတ်သော ကျွန်မ ညီမ ..
ကျွန်မကို အမြဲမှားခွင့်ပေးခဲ့သော၊ အမှားများမှ သင်ခန်းစာယူတတ်အောင် အမြဲသွန်သင်ဆုံးမခဲ့သော လုပ်ငန်းခွင်မှ ကျွန်မရဲ့ဆရာများ ..
ကျွန်မ၏ ခပ်ညံ့ညံ့စာပေများကို အမြဲအားပေးတတ်ရှာသော သူငယ်ချင်းများ …
အားလုံးလို ဒီနေရာမှနေပြီး မှတ်မှတ်ရရ ကျေးဇူးတင်ရှိပါကြောင်း …
Friday, December 19, 2008
Mission "31" Complete !!!!
Subscribe to:
Post Comments (Atom)
8 comments:
၂ ခေါက် ၃ ခေါက်ဖတ်ဖြစ်ပေမယ့် မြှုပ်ကွက်ကို ရှာမတွေ့တာမို့ ရှင်းလင်းအောင် ပြန်မရေး နိုင်ခဲ့ပါဘူး။ ဖတ်ဖြစ်ပါတယ်။ ဂုဏ်ယူမိပါတယ်။
မြှုပ်ကွက်ကို တွေ့ပါတယ်...
၃၂ ကိုကြိုဆိုပါတယ်.......
ချစ်ချစ်နဲ့အမြန်ဆုံးပေါင်းရပါစေသား....
ကဗျာလေးလည်း ကောင်းတယ်။မွေးနေ့ အတွက်ဆုတောင်းပေးသွားတယ်။ အစစ အရာရာ အဆင်ပြေပါစေနော်။
မထင်ရပါဘူး
၃၁လို့....
အရင်အတိုင်းပဲ
အထူးပဲ ဂုဏ်ယူမိပါတယ် အမဆင့်ခင်ဗျာ ...
Mission 32 ကို အခက်အခဲမရှိ၊ အဆင်ပြေမှုများစွာ၊ နာကျင်ခြင်းကင်းစွာ၊ အပြုံးပွင့်များစွာ၊ ပျော်ရွှင်ခြင်းများစွာ၊ စိတ်၏ လွတ်လပ်ပေါ့ပါးခြင်း ကုဋေကုဋာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုမိပါတယ်။
ဘဝခံယူချက်တွေ သိပ်ကောင်းတယ်..အစ်မရေ..
မှတ်သားမိပါရဲ့။ အတုခိုးမိပါရဲ့။ လေးစား အားကျမိပါရဲ့ဗျာ။
(၃၁)နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာမှာတိုင်အောင် သာယာပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးတစ်ခုကို ရယူပိုင်ဆိုင်သွားနိုင်ပါစေဗျာ။
အမ မနော် ပြောသွားတဲ့ပဲ။ မထင်ရဘူး။
ဟီ ဒါဆိုရုပ်ပြောင် ရုပ်ပေါ့နော်။ဟိဟိ
စတာပါဗျာ
Post a Comment