ကြာပါပြီ .. မောင်လေး ဖိုးဂျယ် က Tag ထားတာ .. ကိုယ့်စိတ်ကူး အိပ်မက်ကလေးတွေကို ပြောပြရမတဲ့။ ခက်တာပဲ .. Tag မရေးပါ။ မရေးချင်လို့ မဟုတ်ပါ။ မရေးတတ်လို့ပါ။ မောင်ကလေး ရဲရင့်နီ တုံးကလဲ အချစ်အကြောင်း လာရေးခိုင်းပြီး ပေါက်တတ်ကရလဲ ရေးရော စိတ်ကုန်သွားတယ် ထင်ပါရဲ့။ ကဲ.. ဒီတခါတော့ ဂျဲဂျယ်လေး ကျေနပ်အောင်တော့ရေးပါ့မယ်။
ဒါပေမဲ့ ရည်ရွယ်ထားတဲ့ စိတ်ကူးလေးလို့ပဲ ပြောပါရစေ .. ရိုးသားတဲ့ စစ်ကိုင်းသူ ညီမလေး တစ်ယောက်အကြောင်း ပြောပြရင်း နဲ့ ကိုယ့် စိတ်ကူး ကလေးကိုလဲ ရိုးရိုးလေးပဲ ပြောပြချင်တာက ....
(အခုကစလို့ နောင်လာမဲ့နေ့ရက်များစွာ အတွက် ရိုးသားဖို့ ဖြစ်နိုင်တဲ့ အခြေအနေတိုင်းမှာ ကျွန်မ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ရိုးသားနေခွင့် ရချင်တယ် ။ အဲ့ဒီ စိတ်ကူးလေးကို လက်တွေ့ ဘ၀ထဲ ရောက်အောင် အကောင်အထည် ဖော်ဆောင် သွားမယ် ။ ဒါပါပဲ။)
ဒါပါပဲ ဆိုလို့ ပြီးသွားပြီ ..တိုတိုလေး ..ဖတ်ရတာ ပျော်လိုက်တာလို့ တွေးမနေနဲ့ .. မပြီးသေးဘူး။ ဆက်ပြောဦးမှာ။ ရိုးသားချင်တာများ ရေးကြီးခွင်ကျယ်လုပ်ရေးနေတယ်လို့ မထင်နဲ့။ တခါတလေ ရိုးသားချင်ပါရက်နဲ့ ဘယ်လိုမှ မတတ်သာလို့ ရေစုန်မျှော လိုက်ရတဲ့ အခြေအနေတွေ အများကြီး။ Water Follow ..Fish follow ဆိုတဲ့ စကားက ရာနှုန်းပြည့် ရိုးသားခွင့်မရရာကနေ စဖြစ်လာတာ။
အဲ့ဒီ ညီမလေးက SG ကို ရောက်တာ ကိုယ့်ထက် နောက်ကျပါတယ်။ ကိုယ်နဲ့ တခြားအခန်းဖော်တစ်ယောက်နဲ့ နှစ်ယောက်ခန်းထဲကို သူရောက်လာတာ ဆိုပါတော့။ အူတူတူ အ’တတ လေးပါလို့ မြင်မြင်ချင်း သတ်မှတ် လိုက်မိတာ။ သူက သတ်မှတ်ထားတာထက် ပိုဆိုးခဲ့ပါတယ်။ သူရောက်ရောက်ချင်း နောက်တနေ့မှာ ဘယ်သူ့မှ မခေါ်ပဲ ကျွန်မတို့နားက Ang Mo Kio ဈေးထဲသွားပြီး ၀ယ်ချလာတာ ။ ကိုယ်ဝန်ဆောင်တွေ ၀တ်တဲ့ အင်္ကျီလိုမျိုးကို မှ အနီရောင် ရဲရဲကြီး။ ဘယ်လောက်လဲလို့ မေးလိုက်တော့ SGD 30 ။ ဘုရားရေ .. “နင့်ဟာက နင်တို့ စစ်ကိုင်းဘုရားပွဲဈေးမှာ ၃၀၀၀ လောက်နဲ့ ၀ယ်လို့ရတဲ့ဟာမျိုးကြီးပါ” လို့ ပြောတော့ သူကတော့ “ အယ် .. ဟုတ်လား။ ညီမက 35 ကျပ်ကို 30 နဲ့ ရလာလို့ အရမ်းတန်တယ် ဆိုပြီး ပျော်နေတာ” တဲ့။ ကျွန်မတို့ကလဲ မညှာမတာ ဆက်ပြောကြပါတယ် ။ “ အေး။ ဟုတ်တယ်။ တခါတလေ ဒီဈေးက လူကြည့်ပြီး ဈေးပြောတာ” လို့ ပြောတော့ သူ မနာတဲ့အပြင် ရယ်နေပြီး သူ သိပ်ကြိုက်တဲ့ အဲ့ဒီ အနီရောင်အင်္ကျီကြီးကို အခုထက်ထိဝတ်ဆဲ …
( There is no accounting for taste. လူတကိုယ်အကြိုက်တမျိုးစီ။ သူများကြိုက်တဲ့အရာတစ်ခုဟာ ကိုယ်မကြိုက်တဲ့အရာတစ်ခု ဖြစ်နေခြင်းအတွက် ဘာမှ ဝေဖန်နေစရာမလိုကြောင်းကိုလဲ ဖြူစင်တဲ့ သူ့စိတ်ရင်းလေးက သင်ပေးခဲ့တယ်)။ သူ့ဘာသာသူ ၃၀ မကလို့ ၅၀ ပေးဝယ်လာလာ၊ သူဝယ်လာတဲ့ ပစ္စည်းတစ်ခု သူ ကြိုက်နေတာပဲ။ ကိုယ်ပိုက်ဆံနဲ့ ၀ယ်ပေးလိုက်ရတာလဲ မဟုတ်ပဲနဲ့ အလကား နေရင်း ကိုယ့်အကုသိုလ် ကိုယ့်ဘာသာ ရှာကြံယူမိတာကို အချိန်တွေတော်တော်လွန်သွားမှ နောင်တရမိတယ်။
Interview ခေါ်ရင် အင်္ဂလိပ်လိုပြောရမှာကြောက်လို့ ကိုယ်တွေကို ဖုံးအတင်းထိုးပေးတတ်တဲ့ သူက ကိုယ့်လိုလဲ ခက်ခက်ခဲခဲကြီး အလုပ်မရှာရပဲ အချိန်တိုလေးအတွင်းမှာပဲ အလုပ်ရသွားပါတယ်။ ရပြန်တော့ အလွန် သဘောကောင်းတဲ့ Boss လက်အောက်မှာ အလုပ်လုပ်ရတယ်။ သူ့ရဲ့ လွဲချော်မှုတွေဟာ ခါတိုင်းထက် ပိုပိုဆိုးလာခဲ့ပေမဲ့ တကယ် ပွင့်လင်းတဲ့ အမူအရာတွေ၊ ဟန်ဆောင်မှုကင်းတဲ့ အပြောတွေ၊ ဖြူစင်တဲ့ အမှားတွေ အတွက် Boss ကတောင် အပြစ်မယူ ကြည်ဖြူလို့ပါ့ရော။
အလွန်အင်မတန် ကပျက်တိကပျက်ချော်နေတဲ့သူဟာ တော်တော်လေးလဲ ဖြစ်သလို နေနိုင်လွန်းပါတယ်။ သူ အခန်းကို ရှင်းလိုက်တယ်ဆိုတာ အားလုံးကို အမှိုက်ပုံးထဲ ပစ်ထည့်ရင်ထည့်၊ ဒါမှမဟုတ် ကြွပ်ကြွပ်အိတ်ကြီးကြီး တစ်လုံးထဲမှာ အကုန်စုပြုံထည့်။ အဲ့ဒါမှ မဟုတ်ရင် တင်လို့ရတဲ့ နောက်တနေရာမှာ ပစ်တင်ထားလိုက်တာမျိုး ဖြစ်နေတတ်တော့ သူ့ကို ကျွန်မနဲ့ မသိမ့်က "ပုဇွန်တောင်ကြီး လာပြီဟေ့" လို့ ပြောတော့သူ့ထုံးစံအတိုင်း “ ထားလိုက် အစ်မ၊ ကျွန်မဆက်ရှင်းဦးမှာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရယ်နေတာပါပဲ။
ဒါပေမဲ့ သူက ကျွန်မတို့နှစ်ယောက်ကိုတော့ တော်တော်ချစ်ပါတယ်။ သူ့အိမ်ကို ဖုံးခေါ်တိုင်း ၂၃ မိနစ်ပဲရတဲ့ ဖုံးကဒ်ကလေးနဲ့ “ အမေရေ၊ ကျွန်တော်က အရမ်းကံကောင်းတာဗျ၊ ကျွန်တော့် အခန်းထဲမှာ ရှိတဲ့ အစ်မနှစ်ယောက်လုံးက တစ်ယောက်က ပြင်သစ်ပြန်၊ နောက်တစ်ယောက်က ဂျပန်ပြန်။ သူတို့နှစ်ယောက်လုံး သိပ်တော်တာ” လို့ ခဏခဏ ထည့်ကြွားသေးတယ်။ အဲ့ဒီလို သူ အမြဲညွှန်းတဲ့ ကျွန်မတို့နှစ်ယောက်လုံးက ( သူနဲ့ လစာ အတူတူရပေမဲ့) သူ့လောက် ကံမကောင်းတာ၊ အလုပ်ခွင်မှာဆို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ မန်နေဂျာတွေရှေ့မှာ Stress ပေါင်းများစွာ၊ Pressure ပေါင်းများစွာနဲ့ အလုပ်လုပ်နေရတယ်ဆိုတာ သူ မသိရှာဘူး။
သူ့ကို တွေ့ခါစက သူနဲ့တခန်းတည်းအတူနေရမှာ သေမလောက်ကြောက်ခဲ့တဲ့ ကျွန်မတို့က ဖြူလွန်းတဲ့ သူ့မနောလေး နဲ့ ပွင့်လင်းလွန်းတဲ့ သဘောထားလေးကြောင့် တဖြည်းဖြည်းနဲ့ သံယောဇဉ် တွယ်လာကြပါတယ်။ နောက်ထပ် သူ့ရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓါတ်လေးတစ်ခုက သူ့ကိုယ်သူ တန်ဖိုးထားခြင်းပါပဲ။ အင်ဂျင်နီယာ လဲဖြစ်တော့ အပေါင်းအသင်းလဲများပါတယ်။ ပုံစံကလေးကလဲ ချစ်ဖို့ကောင်းတော့ သူ့ကို ကြိုက်တဲ့သူလဲ တော်တော်များပါတယ်။
တခါက သူ့ကို ကြိုက်လာတဲ့ လူတစ်ယောက်ကို သူ့ရဲ့ ထုံးစံအတိုင်း ( ၁နှစ်စောင့်ပါ) လို့ ပြောမိလို့ ဟိုက ချက်ချင်းပဲ နောက်တစ်ယောက် ပြောင်းသွားပါတယ်။ သူပြောတဲ့စကားတစ်ခွန်း အခုအချိန်ထိ မမေ့ပါဘူး။ “ အစ်မရယ် .. တသက်လုံး လက်တွဲရမဲ့သူတစ်ယောက်လို့ ရည်ရွယ်ခဲ့ရင်၊ ကိုယ်လဲ တကယ်ချစ်ခဲ့ရင် စောင့်မှာပေါ့တဲ့။ ကျွန်တော်ကလဲ တစ်နှစ်လို့သာ ပြောတာ။ စောင့်ကြည့်ရင်းနဲ့ သူ့စိတ်ဓါတ် ကိုယ့်စိတ်ဓါတ် တကယ် နားလည်သွားတော့လဲ အဲ့လောက်ကြာချင်မှကြာမှာပေါ့။ အခုတော့ ဟန်ဆောင်ပန်ဆောင်လေးတောင် ဖုံးမဆက်နိုင်လောက်အောင် ဖြစ်ရတယ်ဆိုတော့ သူတို့ စိတ်ဓါတ်သိရတာပေါ့” တဲ့။ ( သြော် .. ယောက်ျားလေးတွေ ကလဲ နည်းနည်းမှ အစမ်းသပ် မခံကြပါလား။)။ အခု လမ်းမှာတွေ့ရင်တော့ ကျွန်မတို့က သူ့ကို နောက်တယ် .. နင် တစ်နှစ် စောင့်ခိုင်းတုံးပဲလားလို့ မေးတော့ .. “ဟုတ်တယ် အစ်မရေ ..တစ်နှစ်ပဲ ..နည်းနည်းမှ မလျှော့ဘူး” တဲ့။
ကျွန်မတို့ကို ချစ်ရှာလွန်းတဲ့သူက ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်တနေရာစီ ပြောင်းကြတော့မယ် ဆိုတော့ မျက်နှာမကောင်းပေမဲ့ အိမ်တော့လိုက်ကူပြောင်းပေးရှာတယ်။
အခုလဲ လာမဲ့ January 7 ဟာ သူ့မွေးနေ့ဆိုတော့ ကျွန်မက အလွန်အင်မတန်မှ ကြည့်လို့မကောင်းတော့တဲ့ သူ့အိတ်ကြီးကို မျက်စိထဲမှာ တော်တော်ကြီးကို နောက်လှတာနဲ့ Robinson ကိုခေါ်သွားပြီး “ နင် ကြိုက်တဲ့ ဟာကို ၅၀ မကျော်စေနဲ့ ။ ကြိုက်တာရှာ” လို့ ပြောတော့ “ အမယ်လေး အစ်မရယ် .. 50 တန် တသက်နဲ့ တကိုယ် မကိုင်ချင်ပါဘူး” တဲ့။ အဲ့ဒါနဲ့ ကျွန်မက “ လျှာမရှည်နဲ့။ ဘုရားပွဲ ဈေးက အင်္ကျီကြီးကျတော့ ၃၀ ပေး ၀ယ်တယ်။ ဒါမျိုးကျ မ၀ယ်ဘူး။ ရွေး အခုချက်ချင်း။ ပြီးရင် နင့်အိတ် တခါတည်းလွှင့်ပစ်မယ်” လို့ ပြောတော့ “ ရွေးဆို ရွေးပါ့မယ်။ ဒီ အိတ်ကလေးလဲ သိမ်းထားပါရစေဦး” တဲ့။
သူ့အကြောင်းရေးရင် ကုန်မှာလဲ မဟုတ်တော့ ဒီမှာပဲ ခဏရပ်ပါရစေဦး။ သူ့မွေးနေ့ အမှတ်တရအဖြစ် သူ့အကြောင်းလေးရေးပေးချင် တာရော၊ ပြီးတော့ သူ့ကိုပြောခဲ့တဲ့ ကိုယ့် စိတ်ကူး စကားလေး အတည် ဖြစ်ချင်တာရော … အားလုံးပေါင်းပြီး ဒါလေးကို ရေးလိုက်တာပါ။
သူက မေးတယ် .. “ အစ်မ .. 2009 မှာ ဘာဖြစ်ချင်လဲ” တဲ့။
ကျွန်မက ဖြေလိုက်တယ် … “ ဘာမှ မဖြစ်ချင်တော့ဘူး။ ပကာသနတွေနဲ့ ကင်းနိုင်သမျှ ခပ်ကင်းကင်းနေပြီး ဘ၀ကို အရိုးရှင်းဆုံး ဖြတ်သန်းချင်တယ် ။ လိုအပ်လို့ ၀ယ်တာတော့ ထားတော့။ မလိုအပ်တဲ့အရာတွေ တစ်ခုကနေ နှစ်ခုပိုင်ဆိုင်ပြီး ဘ၀မှာ စိတ်ပူပန်မနေချင်တော့ဘူး” လို့ ပြန်ပြောလိုက်တယ်။
အဲ့ဒီတော့ လိမ္မာတဲ့ သူက Robinsin မှာ 200 ကျော်တန် အိတ်တွေ လိုက်ကြည့်နေတဲ့ ကျွန်မကို “ အစ်မ ၊ အစ်မ အခုလွယ်နေတဲ့ အိတ်က အကောင်းကြီးရှိသေးတယ်နော်” လို့ လှမ်းတို့ သတိပေးတော့ ကျွန်မက ရယ်ပြီး “ အေးပါ .. အေးပါ .. ငါ့ကို အဲ့လိုမျိုး အမြဲ သတိပေးနော် ။ ကြားလား” လို့ ပြန်ပြောလိုက်ရတယ်။
တကယ်ဆို သူများသတိပေးရမဲ့ အခြေအနေတစ်ခုဆိုတာ ဘယ်ကောင်းပါ့မလဲ။ ကိုယ်တိုင် သတိချပ်ဖို့ လိုတာပေါ့။ တကယ်ဆို ကိုယ့်နှုတ်ဖျားက ပြောခဲ့တဲ့ စကားတစ်ခွန်းပဲလေ။
ဒါကြောင့် ကျွန်မရဲ့ စိတ်ကူးကလေးကို ပြောပြပါဆိုရင် ….
အခုကစလို့ နောင်လာမဲ့နေ့ရက်များစွာမှာ ရိုးသားဖို့ ဖြစ်နိုင်တဲ့ အခြေအနေတိုင်းမှာ ကျွန်မ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ရိုးသားနေခွင့် ရချင်တယ် ။ အဲ့ဒီ စိတ်ကူးလေးကို လက်တွေ့ဘ၀ထဲရောက်အောင် အကောင်အထည်ဖော်ဆောင်သွားမယ် ။
by ...DecemberCinderella
Friday, January 2, 2009
Honesty is the Best Policy ....
Subscribe to:
Post Comments (Atom)
8 comments:
အစ်မ စိတ်ကူးလေးကလဲ ရိုးရှင်းပြီး
အဓိပ္ပာယ်ပြည့်ဝတယ် အစ်မ
လုပ်နိုင်တဲ့ အခွင့်ရေးတွေရပါစေလို့ ဆုတောင်းပေးပါတယ်
ကောင်းပါတယ် နောက် tag ရှိရင်လဲ tag အုံးမှာ
ဆုတောင်းလေးပြည့်ပါစေခင်ဗျာ
အကောင်းဆုံးရိုးသားနိုင်ပါစေဗျာ..
မိုးကြယ်
ဟုတ်တယ်.အစ်မရေ..သူကရိုးသားပြီးချစ်စရာကောင်းတယ်.အပြစ်တစ်ခုခုလုပ်ရင်တောင် သူကရိုးသားရှာတာဘဲဆိုပြီး ခွင့်လွှတ်လိုက်ရတယ်.
နောက်ဆုံးသတင်းပြောရဦးမယ်..
သူက အိပ်မက်နဲ့တစ်ခန်းထဲ လာနေတော့မယ်တဲ့..
ပုဇွန်တောင်ကြီးကို ဘယ်လိုလုပ်ရပါ့...ဟင့်.ဟင့်..
ရိုးသားနိုင်ပါစေ။ အစ်မတော် ဆီဗုံး မတွေ.ပါလား။
မင်္ဂလာပါအမရေ...အားပါးတရဖတ်ရှုသွားပါတယ်..။
ဆီပုံးကြီးဝှက်မထားပါနဲ့မဆင့်ရေ...
လို
တ
ရ
ပါ
စေ..
တယ်ရိုပါလားဗျ။ အမသူငယ်ချင်းလေးက
အရိုးသားဆုံးနဲ့ ဘ၀ကိုဖြစ်ကျော်နိုင်ပါစေဗျာ
Post a Comment