Friday, January 16, 2009

အမှတ်တရခံစား တဒင်္ဂလေးများ

ခရစ္စမတ်မတိုင်ခင် ညတစ်ညမှာ စောစောပိုင်းက မ၀ယ်မိလို့ ကျန်နေသေးတဲ့ ပစ္စည်းတွေအတွက် ကျွန်မ စူပါမားကတ်ကို အပြေးသွားရတယ်။ ဟိုရောက်လို့ ၀ယ်လက်စလူတွေရော၊ ငွေရှင်းဖို့ တန်းစီနေတဲ့လူတွေကိုရော မြင်ပြီး စောစောပြင်ဆင်မထားတဲ့ ကျွန်မ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်။ ခရစ္စမတ်ဟာ တစ်နှစ်ထက်တစ်နှစ် ကျွန်မကို ပိုပြီး စိတ်ပျက်လာစေတယ်။ အေးအေးဆေးဆေးလေး အနားယူပြီး နောက်တစ်ရက်မှာ အိပ်ရေး၀၀နဲ့ နိုးခွင့်ရတာမျိုး ဖြစ်ချင်လိုက်တာ။

ကလေးတွေအတွက် အရုပ်လက်ဆောင်ဝယ်ရမယ်ဆိုပြီး အရုပ်ကောင်တာနားကိုသွားတော့ မိုးထိမြင့်တက်နေတဲ့ ဈေးနှုန်းတွေကို ကြည့်ပြီး စိတ်ထဲကနေ မသိမသာ ကျိန်ဆဲလိုက်မိတယ်။ ကလေးတွေဟာ ဒီလောက်ဈေးကြီးတဲ့ အရုပ်တွေနဲ့ တကယ်ကစားကြတာလားလို့လဲ တွေးမိသေးတယ်။ အဲ့ဒီ အချိန်မှာ အနားက (၅)နှစ်သား ကလေးလေးတစ်ယောက်က အရုပ်ကလေးတစ်ရုပ်ကို သူ့ရင်ခွင်ထဲမှာ ထည့်ထားပြီး အရုပ်ကလေးရဲ့ ဆံပင်လေးတွေကိုလဲ သူ့လက်ကလေးနဲ့ ထိတွေ့နေတယ်။ သူ့ပုံစံကလေးက တကယ့်ကို ၀မ်းနည်းပက်လက်နဲ့။ ဒီအရုပ်နဲ့ ပတ်သက်ပြီး သူ ဘာလို့ ဒီလောက်ဖြစ်နေတာလဲလို့ ကျွန်မ အရမ်း စိတ်ဝင်စားသွားတဲ့အချိန်မှာ သူက သူ့ဘေးနားက အဘွားကြီးတစ်ယောက်ကို ...

" ဘွားဘွား၊ သားမှာရှိတဲ့ပိုက်ဆံက တကယ်မလောက်တာလားဟင်" လို့ လှမ်းမေးလိုက်တာ ကျွန်မကြားလိုက်ရတယ်။ အဲ့တော့ အဘွားကြီးက " တကယ်မလောက်ဘူး လူကလေးရဲ့။ နေဦး တခြားမှာ ရှာကြည့်ပေးမယ်" လို့ စိတ်မရှည်စွာနဲ့ ပြောပြီး သူ့အနားကနေ အလျင်အမြန်ပဲ ပျောက်ကွယ်သွားတယ်။ ကောင်လေးကတော့ အရုပ်ကလေးကို ပိုက်ပြီး အဲ့ဒီနေရာမှာ ရပ်နေတုံးပဲ။

ကျွန်မလဲ မနေနိုင်တော့လို့ သူ့အနားသွားပြီး အဲ့ဒီအရုပ်ကလေးကို ဘယ်သူ့ကိုများပေးချင်လို့လဲလို့ မေးတော့ .. သူက ..
" သားက ညီမလေးကို ပေးချင်လို့ပါ။ ညီမလေးက Santa Claus က သူ့ကို အရုပ်လာပေးလိမ့်လို့ တဖွဖွပြောနေတယ်"
အဲ့တော့ ကျွန်မကလဲ " အင်း .. ဟုတ်မှာပေါ့ ။ Santa Claus က လာပေးမှာပေါ့။ စိတ်မပူပါနဲ့" လို့ သူ့ကို နှစ်သိမ့်တော့ သူက အင်မတန် စိတ်ထိခိုက်တဲ့ပုံလေးနဲ့ " ဟင့်အင်း၊ အခုရှိတဲ့ ညီမလေးရဲ့နေရာထိ Santa Claus က သွားပေးနိုင်မှာမဟုတ်တော့ဘူး။ ဒီအရုပ်ကို မေမေကပဲ ညီမလေးဆီပို့ပေးနိုင်မှာ။ ဖေဖေကပြောတယ်။ ညီမလေးက အခု ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ အတူတူရှိနေပြီ။ မေမေကလဲ မကြာခင် အဲ့ဒီကို ဘုရားသခင်နဲ့တွေ့ဖို့ သွားတော့မယ်တဲ့။ ဒါကြောင့် သားက ဒီအရုပ်ကို မေမေက ညီမလေးအတွက် သယ်သွားပေးနိုင်မယ်လို့ ထင်တယ်" ။

သူ့စကားအဆုံးမှာ ရုတ်တရက် ကျွန်မ နှလုံးခုန်နှုံးတွေရပ်သွားသလို ခံစားလိုက်ရတယ်။ ကလေးလေးက ကျွန်မကို မော့ကြည့်ပြီး
" သားက အခု မေမေမသွားသေးဖို့ ဖေဖေ့ကို ခဏတားခိုင်းထားပြီး သားစတိုးဆိုင်က ပြန်လာတဲ့အထိစောင့်ပေးပါလို့" ပြောထားခဲ့တာ။
ပြီးတော့ သူက သူရယ်နေတဲ့ ဓါတ်ပုံလေးတစ်ပုံကို ထုတ်ပြပြီး " သားက ဒါလေးကိုပါ မေမေ့ကို ထည့်ပေးလိုက်ဦးမှာ။ ဒါမှ သားကို မေမေရော ညီမလေးရော သတိရနေမှာ။ သား မေမေ့ကို မသွားစေချင်ပေမဲ့ ဖေဖေက ညီမလေးနဲ့အတူတူနေဖို့ မေမေသွားမှာဆိုလို့ သား မတားတော့ပါဘူး" တဲ့။

အဲ့ဒီလိုပြောပြီး အရုပ်ကလေးကို သူ ၀မ်းနည်းစွာနဲ့ ပြန်ငုံ့ကြည့်နေတဲ့အချိန်မှာ ကျွန်မလဲ မသိမသာနဲ့ ကျွန်မအိတ်ထဲက ပိုက်ဆံအနည်းငယ် သူမမြင်အောင်ထုတ်လိုက်တယ်။ ပြီးတော့ သူ့ကို " နေပါဦး သားရဲ့၊ သားပိုက်ဆံတွေပေး။ အန်တီတို့ နောက်တခေါက် ပြန်ရေကြည့်ရအောင်။ ဒါလေးဝယ်ဖို့ ပြည့်မလားလို့ပေါ့" လို့ သူ့ကိုပြောပြီး သူပိုက်ဆံလေးတွေ ထုတ်ပေးနေတဲ့ အချိန်မှာ ကျွန်မပိုက်ဆံကို သူမသိအောင်ပေါင်းထည့်လိုက်တယ်။ ကျွန်မတို့နှစ်ယောက် အတူတူပိုက်ဆံရေတွက်ပြီးတဲ့ အချိန်မှာ ကျွန်မက "လောက်ပါတယ် သားရဲ့၊ ပိုတောင်ပိုသေးတယ်" လို့ ပြောတော့ သူ အရမ်းပျော်သွားတယ်။ ပြီးတော့ ဆက်ပြောတယ်။

" သားမနေ့ညက ဘုရားဆုတောင်းခဲ့သေးတယ် အန်တီ။ ဒီအရုပ်ကလေးဝယ်ဖို့ ပိုက်ဆံပြည့်ပါစေလို့။ အခုတော့ သား ဆုတောင်းပြည့်သွားပြီ။ တကယ်တမ်းကျ သားက မေမေ့အတွက် အဖြူရောင်နှင်းဆီပန်းစီးဝယ်ဖို့ပါ ဆုတောင်းချင်တာ။ ဒါပေမဲ့ သားကို ဆုတောင်းတွေများလို့ မပြည့်မှာစိုးလို့ ဆုမတောင်းခဲ့ပေမဲ့ အခုတော့ ဘုရားကကြားသွားတယ်နဲ့တူတယ်နော် အန်တီ" လို့ သူပြောတယ်။ ပြီးတော့ အရုပ်ကလေးနဲ့ နှင်းဆီပန်းကိုယူပြီး ကျွန်မကို ကမန်းကတန်းနှုတ်ဆက်သွားတယ်။

ကျွန်မလဲ ဆိုင်ထဲက၀င်လာတုံးက ပုံစံနဲ့လုံးဝမတူတော့ပဲ စိတ်လက်ပေါ့ပါးစွာနဲ့ ဈေးဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။ မျက်စိထဲမှာတော့ ကောင်ကလေးကို မြင်နေတုံးပဲ။ သူ့ကို ကျွန်မအတွေးထဲက ဖျောက်လို့ကိုမရဘူး။ အဲ့ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ (၂)ရက် လောက်က သတင်းတစ်ပုဒ်မှာဖတ်ရတဲ့ " အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားတစ်စီးက သားအမိနှစ်ယောက်ရဲ့ ကားကို သွားတိုက်မိကြောင်း" သတင်းကို သွားသတိရတယ်။ သမီးကလေးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးလေးကတော့ အခြေအနေအရမ်းဆိုးနေပြီး သတိလုံးဝမရကြောင်း၊ ဒီအတိုင်း လုံးဝသတိပြန်မလည်တော့ရင် မကြာခင်မှာ အသက်ကယ်စက်က ပလပ်ကို ဖြုတ်လိုက်ဖို့ မိသားစုက သဘောတူထားကြောင်း .....

ကောင်ကလေးက အဲ့ဒီမိသားစုဝင်များလား။ နောက်(၂)ရက်အကြာမှာ အမျိုးသမီးဆုံးသွားတဲ့ သတင်းပါလာတယ်။ ကျွန်မ Funeral ကို ရောက်အောင်သွားချင်တဲ့စိတ်ကို တားမရခဲ့ပါဘူး။ အဖြူရောင်နှင်းဆီပန်းလေးကို ၀ယ်ပြီး ရောက်သွားချိန်မှာ လှပစွာပြင်ဆင်ထားတဲ့ အမျိုးသမီးလေးရဲ့ ရုပ်အလောင်းပေါ်က ရင်ဘတ်နားမှာ အရုပ်ကလေးတစ်ရုပ်ရယ်၊ သူ့ခေါင်းရင်းက နှင်းဆီပန်းစီးလေးရယ်ကို ကျွန်မ မြင်ရတဲ့အချိန်မှာ ကျွန်မရင်ထဲ ဆို့နင်ကြေကွဲစွာခံစားလိုက်ရတယ်။

မျက်ရည်များစွာနဲ့ အဲ့ဒီနေရာလေးကို ကျောခိုင်းပြီး ပြန်အလာမှာ ကျွန်မ .. အရင်တုံးကအမြင်တွေ၊ ခံယူချက်တွေ၊ စိတ်ထားတွေနဲ့ လုံးဝမတူတော့တဲ့ ဘ၀သစ်တစ်ခုကို ပိုင်ဆိုင်တွေ့ရှိသွားသလိုပဲ။ ကောင်ကလေးက ကျွန်မရဲ့အတွေးအခေါ်တွေကို ပြောင်းလဲ ပေးလိုက်တယ်။

သူရဲ့ သူ့အမေနဲ့ ညီမလေးပေါ်မှာထားတဲ့ မေတ္တာတရားက သူ့ဘ၀ရဲ့ ပိုင်ဆိုင်မှုတွေပဲ။ ဒါပေမဲ့ သေရည်သေရက်ရဲ့ မကောင်းမှုနဲ့ လူတစ်ယောက်ရဲ့မဆင်ခြင်မှု၊ သတိကင်းမဲ့မှုတွေကြောင့် စက္ကန့်ပိုင်းကလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေတစ်ခုက ကောင်ကလေးရဲ့ အဲ့ဒီပိုင်ဆိုင်မှုတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖျက်စီးပစ်လိုက်တယ်။

by .. DecemberCinderella

4 comments:

Anonymous said...

လောကမှာ ဘာအကျိုးမှ မမျှော်တဲ့ပေးဆပ်ခြင်း အရသာကို အပြည့်အ၀ကို ခံစားမိပါတယ်။ ဒီလိုပို့စ်မျိုးကျတော့ နှလုံးသားထဲအထိ နက်နက်ကလေးကို ခံစားရိုက်ခတ်သွားပါတယ်။ ဆက်လက်ပေးဆပ်နိုင်ပါစေဗျာ။

Anonymous said...

အခုတလော ပို့စ် တွေက သိပ်ကောင်းတာဘဲ...။
လေးစားပါတယ်ညီမ...။
ကိုယ်ပိုင်ခံစားချက်တစ်ခုကနေ မွေးဖွားလိုက်တဲ့ ပို့စ် တစ်ခုဆိုရင် ညီမအတွက်အောင်မြင်မှုတွေ ထပ်ဆင့် ရလာပါလိမ့်မယ်လို့ယုံကြည်တယ်။အားပေးပါတယ်။
ချစ်နေယုံနဲ့ ကမ္ဘာကြီးက မပြီးသေးဘူး
ဘ၀ အမောတွေ အများကြီးရှိသေးတယ်ဆိုတာ
ငါ့ညီမလေး သဘောပေါက်နေပြီ...ကောင်းတယ်...။
ဆက်လုပ်။

Anonymous said...

မောင်းရင် မမူးနဲ့...
မူးရင် မမောင်းနဲ့...

Anonymous said...

ပို့စ်ကောင်းလေးတစ်ခုပါပဲဗျာ....။
ခံစားသွားပါတယ်...။မဆင့်တစ်ယောက်ပျော်ရွှင်ပါစေ...။

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */