စက်ချုပ်သမားတစ်ယောက်က သူ့အလုပ်ခွင်ထဲမှာရှိနေတဲ့ အချိန်ပေါ့။ သူက အထည်စတစ်ခုကိုယူပြီး ကတ်ကြေးနဲ့ ဖြတ်လိုက်တယ်။ အဲ့ဒီ ကတ်ကြေးလေးကလဲ တောက်တောက်ပပနဲ့ တန်ဖိုးကြီးပုံရပါတယ်။ ပြီးတော့ အထည်စကိုလဲဖြတ်ပြီးရော သူက အဲ့ဒီကတ်ကြေးကို သူ့ခြေရင်းမှာ ချထားလိုက်တယ်။ နောက် သူက အပ်ကလေးတစ်ချောင်းနဲ့ အပ်ချည်ကိုယူပြီး ခုနဖြတ်ထားတဲ့ အထည်အပိုင်းအစတွေကို စချုပ်တယ်။ အင်္ကျီတစ်ထည်လုံးအချောသတ်ပြီးစီးသွားချိန်မှာ သူက အပ်ကလေးကို တယုတယနဲ့ သူရဲ့ခေါင်းပေါင်းထဲမှာ ထိုးစိုက်သိမ်းဆည်းထားလိုက်တယ်။
သူ့သားက သူလုပ်နေတာတွေကို အစအဆုံးမြင်တော့ သူ့ကိုမေးတယ်။ "အဖေ .. ကတ်ကြေးက ဈေးကြီးပြီး ပုံစံလေးကလဲ တော်တော်လှတယ်။ ဒါပေမဲ့ အဖေက အဲ့ဒါကို ခြေရင်းမှာချထားပြီး ဘာမှမတန်တဲ့ အပ်ကိုကျတော့ အဖေ့ခေါင်းပေါင်းမှာတောင် စိုက်ပြီး သိမ်းလိုက်သေးတယ်။ ကတ်ကြေးတစ်လက်ဝယ်တဲ့ပိုက်ဆံနဲ့ဆို အဲ့လို အပ်ပေါင်းအများကြီးဝယ်လို့ရပါတယ် အဖေရာ။ အဖေရဲ့ လုပ်ရပ်တွေကို နည်းနည်းတော့ရှင်းပြဦး" လို့ မေးလိုက်တယ်။ အဲ့ဒီတော့ စက်ချုပ်သမားက သူ့သားကို ..
"ဟုတ်တယ် ငါ့သား။ ကတ်ကြေးက သူ့နေရာနဲ့သူတော့ စွမ်းဆောင်နိုင်မှုတွေရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အထည်စတွေကို အစိတ်အပိုင်းတွေ ဖြစ်အောင် ဖြတ်ပေးလိုက်တာပဲရှိတယ်။ အပ်ကကျတော့ အဲ့ဒီ အပိုင်းပိုင်းဖြစ်သွားတဲ့ အစတွေကိုပဲ ပြန်ပေါင်းစပ်ပြီး တန်ဖိုးရှိတဲ့အရာတစ်ခုပြန်ဖြစ်လာအောင် ဆောင်ရွက်ပေးတယ်။ ဒါကြောင့် အဖေ့အတွက်တော့ ကတ်ကြေးထက် အပ်က ပိုအဖိုးတန်တယ်။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဆိုတာ သူရဲ့ ဈေးနှုန်းနဲ့ အသွင်အပြင်မဟုတ်ဘူး။ သူ့ရဲ့ အကျိုးရှိတဲ့ အသုံးဝင်မှုသာ ဖြစ်တယ် ငါ့သား" လို့ ပြန်ရှင်းပြလိုက်တယ်။
အဲ့ဒီလိုပဲ လောကမှာလဲ လူ နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက အငြင်းအခုန်တွေ၊ ဆန့်ကျင်မှုတွေကို ရှေ့တန်းတင်ပြီး လူတွေကို သွေးကွဲစေသူ၊ နောက်တစ်မျိုးက ငြိမ်းချမ်းမှုနဲ့ လိုက်လျောညီထွေဖြစ်မှုကို လိုလားပြီး လူတွေကို စည်းလုံးညီညွတ်မှုရှိစေသူ။
ငွေဂုဏ်၊ ရာထူးဂုဏ်နဲ့ မမြဲတဲ့ အာဏာဂုဏ်တွေနဲ့ လူတွေရဲ့ဘ၀ကို ဖရိုဖရဲဖြစ်အောင် လုပ်နေတဲ့ အဲ့ဒီပထမတန်းစား လူတစ်စုကတော့ ဘယ်နေရာမှာ ရှိမလဲဆိုတာ သိပြီပေါ့နော် ...
( လူတွေကို ရုပ်ရည်၊ ရာထူး၊ ငွေကြေးချမ်းသာမှု နဲ့ တခြားသိသာမြင်လွယ်တဲ့ အပေါ်ယံပိုင်ဆိုင်မှုတွေထက် Attitude လို့ခေါ်တဲ့ စိတ်ဓါတ်တစ်ခုကိုသာလျင် အခြေခံပြီး ပေါင်းသင်းဆက်ဆံတတ်တဲ့ ကျွန်မအတွက်တော့ ဒီပုံပြင်လေးနဲ့ ကိုက်ညီပါတယ်။)
by ..DecemberCinderella
Thursday, January 15, 2009
စက်ချုပ်သမားနှင့် သူ၏ အပ်ကလေး
Subscribe to:
Post Comments (Atom)
3 comments:
good post..
ကောင်းလိုက်တဲ့ အတွေးအမြင်
တော်လိုက်တဲ့ အရေးအသား
လေးစားပါတယ်...ခင်ဗျာ....။
ဒါပေမဲ့ သူ့ဟာနဲ့သူတော့ အသုံးဝင်နေတာပဲ
မဟုတ်လားဗျာ ဒါမှလဲလောကကြီးက အသက်
ဝင်တော့မှာပေါ့ဗျာ
Post a Comment